Tuesday, August 13, 2013

ချစ်သူ (၄)


ညက လပြည့်ဝန်းက ထိန်ထိန်တောက်အောင် သာနေတယ်
ဝန်းပတဲ့ လတဲ့ အလင်းရောင်ကို မော့ကြည့်ရင်း
တိတ်ဆိတ်တဲ့ ညမှာ ကိုယ့်ရင်တွေ အေးချမ်းလို့ ~

မင်း သိရဲ့လား သက်ငြိမ်
ကိုယ် အခု လိုအင်ဆန္ဒတွေ မရှိတော့ဘူး
ရပ်တည်ခြင်းအတွက်
ရှင်သန်ခြင်းအတွက်
ပူပန်သောက တောက်လောင်ခဲ့ဖူးတဲ့ ကိုယ်
မင်း ပေးတဲ့ ငြိမ်းချမ်းမှုနဲ့တင်
စိတ်ကော ~ လူပါ တစ်ဘ၀လုံးအေးချမ်းနေတယ်

ရှေ့ ဘာဆက်ဖြစ်မလဲ
ဘယ်လို အစီအစဉ်တွေ ဖြစ်ပါ့မလဲ
အ ခု
ကိုယ် မစိုးရိမ်တော့ဘူး
ကိုယ့် ပတ်ဝန်းကျင်မှာ သာယာတဲ့ ဂီတသံတွေရှိတယ်
ငြိမ်သက်ပျော်မွေ့ရာ စာအုပ်ကလေးတွေရှိတယ်
ဘာမဆို အကောင်းမြင်တတ်တဲ့
မင်း စကားသံတွေရှိတယ်
ဖြစ်မလာတဲ့အရာတွေ အားလုံး
တိုးဖွဖွရယ်မောပေးတတ်တဲ့
မင်း ရဲ့ နှစ်သိမ့်လိုက်လျောခြင်းတွေ ရှိတယ်

ဝေဒနာတွေကို အနုစိတ်ခံစားတတ်တဲ့ ကိုယ်
အခု ဝေဒနာတွေကို မေ့လျော့လျစ်လျူရှုနေတတ်ပြီ
ကြည့်စမ်းပါဦး
လ ဟာ ကမ္ဘာမြေပေါ်နေရာအနှံ့ဝဲဖျာသက်ရောက်လို့
လ ရဲ့ ဖြူစင်အေးမြမှုက
ကိုယ့် ရဲ့ ကိုယ်ခန္ဓာကိုသာမက
ဟိုးးရင်ထဲ နှလုံးသားထဲအထိ နွေးထွေးစိမ့်ဝင်သွားတယ်
ကိုယ် မမြင်နိုင်တဲ့ တစ်နေရာက
မင်း လည်း ကြည်နူးပျော်ရွှင်နေပါစေ
.......................
ငြိမ်းချမ်းအေးမြနေပါစေ ချစ်သော သက်ငြိမ်။ ။

No comments:

Post a Comment