Tuesday, August 27, 2013

မိုးတိတ်တဲ့နေ့

ဒီနေ့ မိုးမရွာဘူး..။
မိုးမရွာတာ ဘာမှ မဆန်းဘူး....။
ဒါပေမယ့် တစ်ပတ်ကျော်ကျော် မိုးတွေနဲ့ မည်းမှောင်နေခဲ့တဲ့ အတွက် ဒီနေ့ မိုးမရွာတာ ကျမ နေသာနေတယ်...။
မိုးတွေ သိပ်အေးရင် နေမကောင်းဘူး.။ လျှော်တဲ့ အ၀တ်တွေ မခြောက်ဘူး..။
အဲ့တော့ ဒီနေ့ မိုးမရွာတာ ၀မ်းသာနေတယ်..။

ဒီနေ့ ကျမ မွေးနေ့...။
မွေးနေ့ဆိုတာ တစ်နှစ်တစ်ခေါက်ကြုံနေကျပဲ သိပ်မထူးဆန်းဘူး..။
ဒါပေမယ့် စိတ်ထဲတစ်မျိုးတော့ ဖြစ်နေတယ်..။

နားထဲမှာ ကြားယောင်နေတယ်..။
A.မွေးနေ့ဆိုတာ အဓိပ္ပာယ်မရှိဘူးကွ
နောက်တစ်နေရာမှာပဲ ဒီအသံက
B.မ မွေးနေ့မှာ ပျော်ရွှင်ပါစေ
အသံတစ်ခုတည်းက ဘာလို့နေရာနှစ်ခုမှာ မတူညီရလဲ ကျမ မသိဘူး...။

မျက်လုံးထဲ မြင်ယောင်နေတယ်..။
A.မေမေ..ဒီနေ့ သမီးမွေးနေ့
အမ် ဟုတ်လို့လား..။
B.သမီးလေးမွေးနေ့..ရော့...အရုပ်ကြီး
ဟယ်...၀မ်းသာလိုက်တာ မေမေ 
အမှတ်သညာတွေ ဘာကြောင့်ကွဲပြားကြသလဲ ကျမ မသိ ဘူး..။
  

Tuesday, August 13, 2013

ချစ်သူ (၆)

ဘာလိုလိုနဲ့ သက်ငြိမ် နဲ့ စကားပြောခွင့်မရတာ ငါးရက်ရှိသွားပြီ။
လွမ်းဆွတ်မှုတွေလည်း တစစသိပ်သည်းလာလို့…။

ဝေးကွာနေသလိုခံစားရပေမယ့် မင်း ရေးတဲ့စာလေးတွေက တဆင့် လှုပ်ရှားမှုလေးတွေ မြင်နေခွင့်ရလို့ ကိုယ် ကျေနပ်ပါတယ်။ ကိုယ်ရေးတဲ့ စာစုလေးအချို့ကနေ တစ်စုံတခုကို စိုးရိမ်ပြီး မင်း အနည်းငယ်အေးစက် သွားလေရဲ့။ တစ်မျိုးတမည်ထင်သွားခဲ့တာ ကိုယ် နားလည်ပါတယ်…။ 

ကိုယ့်ခံစားချက်ကို ကိုယ် သာ သိနေ နိုင်တဲ့အတွက် မင်း ထင်သလိုမဟုတ်ပါဘူးဆိုတာ ရှင်းပြချင်ပေမယ့် ကိုယ့်အတွက် အဲဒီံအခွင့်အရေး မရခဲ့ပါဘူး။ ဒီအတိုင်းလေး ငြိမ်ငြိမ်သက်က်ကလေးနေရတာက မင်း အတွက် ပိုစိတ်သက်သာရ ရ အေးချမ်း မယ်ထင်ရဲ့လေ..။

ကိုယ် နှုတ်ဆိတ်နေလိုက်တယ် သက်ငြိမ်..။
မင်း အတွက်ရယ်ပါ..။.

ကိုယ့် အတွက်တော့ အားကိုးတိုင်ပင်ဖော်၊ ရင်ဖွင့်ဖော် တစ်ယောက်ဆုံးရှုံးသွားခဲ့တာပဲလေ။
ဘာမဆို စာစုလေးတွေ ချရေးဖြစ်တတ်တဲ့ ကိုယ့် အပြစ်ရယ်ပါ….။
မင်း ပျော်ပျော်ရွှင်ရွှင်လေးနေပါကွယ်…။

မင်း ရဲ့ တခြားဘက်ခြမ်းဆီမှာ ကိုယ် ငြိမ်ငြိမ်သက်သက်ကလေး တည်ရှိနေပါတယ်..။
တကယ်တော့ ဖြူဖြူစင်စင်မေတ္တာကလေးတစ်ခု၊ တန်ဖိုးထားမှုလေးတစ်ခုနဲ့ နှောင်ဖွဲ့ခြင်းမမည်တဲ့ ကြိုးလေးတစ်မျှင်ရယ်ပါ…။

ဒါ ကို ဘယ်သူမှ နားမလည်နိုင်တဲ့နောက်…မင်း နားမလည်နိုင်တာလည်း အဆန်းမဟုတ်ပါဘူးလေ…။
ကိုယ် က Outsider ရယ်ပါ..။

5.4.2013
PM:4:21

ချစ်သူ (၅)


နေရာသစ်ကို ရောက်လာခဲ့ပြန်ပြီ သက်ငြိမ်။

ကျဉ်းမြောင်းလှောင်ပိတ်တဲ့ အခန်းကျဉ်းလေး မဟုတ်တော့ပေမယ့် အစိမ်းအသက်အငွေ့အနံ့ရတဲ့ နေရာမှာ ကိုယ် ယောင်နနဖြစ်နေတယ်။ နေရာသစ်မှာ လူသစ်တွေနဲ့ နာရီပိုင်းအတွင်းတော့ ဘယ်မှာအကျွမ်း တ၀င်ဖြစ်ပါ့မလဲဘေ။ မင်း ကို သတိရစိတ်တွေနဲ့ ကိုယ့်ရင်မှာ ပြည့်လျှံလာတယ်။ တည်ငြိမ်အေးဆေးပြီး ကရုဏာအရိပ်အငွေ့တွေ ယှက်သန်းနေတဲ့ မင်းရဲ့စကားသံတွေ ကြားခွင့်ရရင် ကိုယ် စိတ်သက်သာရ ချမ်းမြေ့နိုင်မယ်ထင်ရဲ့။

ကိုယ် ဖုန်းခေါ်တိုင်း တိုက်ရိုက်ခေါ်ဆိုတဲ့အချိန် တော်တော်ရှားပါတယ်။ မင်း စာရေးနေမှာ၊ သီချင်းလေး နားထောင်နေမှာ၊ ကိုယ် လက် မအီမသာ ဖြစ်နေမှာ စိုးရိမ်မိတတ်တဲ့ ကိုယ် ဟာ can I call? ဆိုတဲ့ message လေးအရင်ပို့ပြီး မင်း ထံက OK လို့ reply ပြန်လာမှ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီကနေ့တော့ writing လို့ ပြန်စာ လေးရချိန်မှာတော့ ရုတ်တရက် ၀မ်းနည်းသွားစိတ်နဲ့ ကိုယ် ငြိမ်သက်သွားခဲ့တယ်။ တကယ်ပဲ writing ပဲလား သက်ငြိမ်ရယ်။

ကိုယ့်စိတ်တွေ စနိုးစနောင့်နဲ့ တွေတွေဝေေ၀လေး အခိုက်အတန့်တော့ ငြိမ်သက်နေခဲ့တယ်။
နောက်တော့ မင်း ငြိမ်းငြိမ်းချမ်းချမ်းလေးရှိနေမှာပဲလို့ တွေးမိတဲ့ အခါ ကိုယ့် နှုတ်ခမ်းတွေပြုံးရယ်လာတယ်။ ကိုယ် က မင်း ပျော်ရွှင်အေးချမ်းနေမှာကိုပဲ လိုလားတယ်မလား။

ကိုယ့်အလိုဆန္ဒအတွက် စကားပြောချင်မိတဲ့ ကိုယ် ရှက်စနိုးတော့ဖြစ်သွားမိတယ်…။
နေရာသစ်ရဲ့ စိမ်းသက်သက် အငွေ့အသက်တွေအောက်မှာ ကိုယ် မင်း ကို အေးမြမြလေးလွမ်းဆွတ်မိနေ ပါတယ်။

1.4.2013
PM:9:10





အတွေးစာစု ( ၇ )

တကယ်တော့ အရာရာအားလုံးဟာ ပြောင်းလဲသွားတာ မဟုတ်ပါဘူး
ကျမ ရဲ့ အလိုဆန္ဒတွေကြောင့်သာ မတူခြားနားသွားတယ် ထင်ရတာ ~

ဘယ်သူမှ မရှိလည်း
ပြုံးပြခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ချက်နဲ့
ကျမ ရှင်သန်တယ် ~

မိရွှေဘုတ်

အက်ကြောင်းနေ့စွဲ (၁)

မပြုံးတတ်တာကြာပြီ
ဒီအချိန်မှာ
မိသားစုရဲ့ နာရေးသတင်းကိုကြားရရင်တောင်
ထူးပြီးနာကျင်တော့မယ်မထင်

ဘာများတတ်နိုင်ဦးမှာလဲ
ကိုယ် လုပ်နိုင်သလောက်ထက် အပြင်
ဘာများလုပ်နိုင်ဦးမလဲ
အရာရာ အဆင်ပြေချောမွေ့သွားမယ်ဆိုရင်
ကိုယ့် အသွေးအသားတွေ
တရိရိခုတ်ဖြတ်
အပိုင်းပိုင်းအတစ်တစ် သေပွဲဝင်ရပါစေ
ဒီ ဘ  ဝ
လက်စတုန်းပေးလိုက်မယ်...။

စိမ်းလန်းသောကမ္ဘာ



နေရာသစ်ကြောင့်ရယ် မဟုတ်ပါဘူး
နေရာဟောင်းပါပဲ
လူသစ် မိတ်သစ်လည်း မဟုတ်ဘူး
လူဟောင်း မိတ်ဟောင်းတွေပါပဲ
အသစ်အသစ်တွေ မြင်တွေ့နေတာရယ်လည်း မဟုတ်ဘူး
မြင်နေကျ တွေ့နေကျတွေပါပဲ

နံနက်ခင်းဟာလည်း နေမြဲပဲ
လေပြေတွေကလည်း နေမြဲပဲ
မောင်းထားတဲ့ ညနေခင်းဟာလည်း နေမြဲပဲ
သီဆိုနေကျ ပန်းပွင့်ကလေးတွေကလည်း နေမြဲပဲ

သမားရိုးကျဖြစ်ရိုးဖြစ်စဉ်တွေမှာပဲ
သူလို ကိုယ် လို  ရယ် ကြ ပြုံး ကြ
သူလို ကိုယ် လို ပင့်သက်ရှိုက်ကြ
သူ လို ကိုယ် လို အရောင်တွေခြယ်ကြ
သူလို ကိုယ် လို လက်သီးလက်မောင်းတန်း
သူလို ကိုယ် လို ချစ်ခြင်းတွေစုံကြတယ်

ထူးထူးဆန်းဆန်းမဟုတ်ပါလျှက်
လန်းလန်းဆန်းဆန်းဖြစ်မိတယ်

အရောင်လက်ခဲ့ကြတဲ့ မာနတွေက
လက်မြဲလက်နေပါလျှက်
ပိုလှပလို့နေတာ ဘာကြောင့်လဲ

မျက်မှန်းတမ်းမိသူတွေလည်း
အခါတိုင်းလို ဖြတ်သန်းသွားပါလျှက်
ချိုသာတဲ့ သံစဉ်ကိုကြားမိတာ ဘာကြောင့်လဲ

မိုး ဟာလည်း ပုံမှန်အတိုင်း

နွေ ဟာလည်း ပုံမှန်အတိုင်း

နှင်းဖွေးဖွေးတွေဟာလည်း ပုံမှန်အတိုင်း

မိုးဖွဲဖွဲတွေအောက် အေးမြတဲ့သံစဉ်ကြားရတာ
ဘာကြောင့်လဲ

နွေ နေ့လယ်ခင်းတွေမှာ
သာယာတဲ့ ဥသြသံကြားရတာ
ဘာကြောင့်လဲ

နှင်းဖွေးဖွေးတွေကြား
ဆုပ်ခဲကစားချင်စွာ
ကြည်နူးမိတာ ဘာကြောင့်လဲ


ဘ  ၀ ဟာ
အ   လွှာ    လှ    စ်    လို   က်   တဲ့   အ     ခါ   ။                    ။


မိရွှေဘုတ်
04.07.2013
PM:3:43

တ စ စ ပြယ် .....

ရခဲ့တယ်ထင်ခဲ့တဲ့ မေတ္တာတွေကွဲရှကုန်တယ်..။
အပိုင်းအစတွေ ယုယုယယကောက်ယူကြည့်တော့
ပုလင်းကွဲတောင် အတုတွေဆိုတာ သွားတွေ့တယ်
ထိုက်တန်ခဲ့ပါတယ်....
ကိုယ့်လို လူအတွက် ...
တကယ်....ထိုက်တန်ခဲ့ပါတယ်...
ညီမလေး ခေါ်သံရဲ့ နေရာမှာ သူစိမ်းဆန်ဆန်နှုတ်ဆက်ခြင်းနဲ့
ညီမ ဆိုတာတွေ ထပ်လာတယ်..
ကွယ်...ကိုယ် ကပဲ အနုစိတ်လွန်းတယ်ထင်ရဲ့....
တကယ်ပါ
ခေါ်သံတွေမှာ
ဘာသာမပြန်မိခဲ့ရင်ကောင်းမယ်
သက်မဲ့စာလုံးတွေမှာ
အေးစက်ခြင်းတွေရှာမတွေ့ခဲ့မိရင်ကောင်းမယ်
ကိုယ်..ဟာ...
နုံအ သူလည်း ဖြစ်ရဲ့
သိမ်ငယ်သူလည်း ဖြစ်ရဲ့
တစ်ခါနူးညံ့ရင်
ဘ၀ဆုံးတိုင်
အပြီးအစီး မှတ်တယ်
လူ့ယဉ်ကျေးဂုဏ်တန်တွေရဲ့
မင်္ဂလာပါခင်ဗျာ / ရှင်
လှိုက်လှဲနွေးထွေးတယ် ထင်မှတ်ခဲ့တာ
မှား...........တယ်
ကိုယ် ဖွင့်ဟပေးခဲ့တဲ့
သက္ကရ်ာဇ်တွေတွက်
ရင်းနှီးနားလည်တယ်ထင်ခဲ့တာ
မှား.....တယ်
“ရိုးတာ ကောင်းတယ်..အ တာ မကောင်းဘူး”
အစ်ကို တစ်ယောက်က ဆိုခဲ့ရဲ့
ဟုတ်ကဲ့ပါ..လူ့လောက
ကျွန်မ ခပ်တုံးတုံးနဲ့
ရိုး...အ နေပါရစေ
“ဘာမဆိုဖွင့်ဟတိုင်ပင်လို့ရတယ်”
ခါတရံ ကြားယောင်ရဲ့
မသိခြင်းမှန်သမျှ
သိခြင်းတွေ ပြည့်နှက်တဲ့အခါ
အေးစက်ဝေးကွာခြင်းကို ဖြစ်စေသတဲ့
မင်္ဂလာပါ ....
ဒီစကားသံမှာ ပွင့်လင်းဖော်ရွေမှု မရှိတတ်တော့တာ
မျက်လုံးစုံမှတ်လိုက်တဲ့
ကိုယ့် နှလုံးသားပဲထင်ရဲ့
ထိုက်တန်ခဲ့ပါတယ်
ကိုယ်..လို လူအတွက်
တကယ်.........
ထိုက်တန်ခဲ့ပါတယ်..။

19.3.2013
AM;11;56

ခိုနားရာ~အိပ်မက်ကမ္ဘာ


 
တစ်နေ့သော အခါမှာ………..
ကြည်လင်တောက်ပတဲ့ အလင်းရောင်ကျရောက်တဲ့
နွေးနွေးထွေးထွေးအခန်းလေးထဲ
ခါတရံ အေးမြလတ်ဆတ်တဲ့ လေပြေလေညင်းတွေ တိုက်ခတ်မယ်
ပြင်ပကိုထိုးဖောက်မြင်ရတဲ့
ကြည်လင်တဲ့ မှန်ပြတင်းကနေ
သစ်ပင်စိမ်းစိုစိုလေးတွေ လှမ်းကြည့်ရင်း
သီချင်းသံခပ်တိုးတိုးလေးဖွင့်လို့
အတွေးငြိမ်သက်သက်တွေနဲ့
စာလေးတွေ သီဖွဲ့မယ်....
နွေးထွေးနုညက်တဲ့အိပ်ရာထက်
သင်းပျံ့တဲ့ရနံ့နဲ့ အိပ်စက်မယ်..
ခိုနားရာအိပ်မက်လှလှမက်ချင်လှတယ်
တစ်နေ့သော အခါမှာ...............

~အိမ်~ (၁)










 
လုံခြုံနွေးထွေးတဲ့ ခိုနားရာလေးတစ်ခုကို
ကျွန်မ ခုတလောအိပ်မက်မက်နေတတ်ပါတယ်..။
နေတတ်ရင် ကျေနပ်စရာတဲ့
ဟုတ်ကဲ့...ကျွန်မ နေတတ်ပါတယ်..အဲ့အတွက် ကျေနပ်ပါတယ်..။
ဒါပေမယ့် ကျွန်မ အိပ်မက်ထဲက တစ်နေကုန်အလုပ်ကပြန်လာတိုင်း
နားနေရာ အိပ်မက်နေရာလေးကို မျှော်ငေးကြည့်မိနေတုန်းပါပဲ...။
ကျွန်မ အတွေးတွေထဲမှာ ဆန္ဒရှိလှတဲ့ စာကြောင်းလေးတွေ..
ပုံဖော်စရာလေးတွေ
ဒါတွေကို စိတ်အေးလက်အေးချရေးနိုင်ဖို့
ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုကို
ကျွန်မ မျှော်ငေးကြည့်မိနေတုန်းပါ
ရာသီဥတုက ပူသလို.....ရပ်တည်မှုတွေက မွန်းကြပ်တယ်
စိတ်ကူးနဲ့ စကားလုံးဖွဲ့
စိတ်ကူးနဲ့ ပုံရိပ်ခြယ်
ဒီလိုနဲ့...
ကျွန်မ တွေဝေငေးငိုင်တတ်လာတယ်...
ရှားရှားပါးပါးရင်ဖွင့်မိတဲ့ သူ ကိုလည်း
စိတ်ရှုပ်စေခဲ့ပြီ သိတဲ့အခိုက်
ကျွန်မ အရာအားလုံးနဲ့တိတ်ဆိတ်သွားခဲ့တယ်
ကျွန်မ ၀န်းကျင်ကပူလောင်မွန်းကြပ်မှုနဲ့
စကားလုံးတွေစေးထန်း
လွတ်မြောက်ရာ ~ နားခိုမှုက
ဘယ်ဆီမှာလဲ
သာယာတဲ့ ဂီတသံလေးကို
အိပ်ရာမ၀င်ခင်..
နောက် စာရွက်ဖြူလွလွထက် လွန့်လူးပြေးလွှားနေချိန်
နားဆင်လိုလှပါတယ်....
လုပ်ငန်းခွင်ကပြန်လာတိုင်း
လန်းဆန်းစွာ ကိုယ်လက်သန့်စင်ပြီး
ငြိမ်းချမ်းအေးမြစွာ
နားခိုလိုလှပါတယ်....
အိပ်ရာမ၀င်ခင်အထိ
ခြေဦးတည့်ရာလျှောက်နေမိတဲ့
ရန်ကုန်ညရဲ့ မီးရောင်တွေကို အဓိပ္ပာယ်မဲ့ ကြည့်နေမိတယ်။
လမ်းဘေးတစ်နေရာက အင်တာနက်ဆိုင်တွေ
ခါတရံ လေပြေအေးအေးတိုက်ခတ်တဲ့
ဘုရားတန်ဆောင်းတွေ
သီချင်းသံခပ်တိုးတိုးဖွင့်ပေးတတ်တဲ့
ဘာဂါနဲ့ ကော်ဖီရတဲ့ ဆိုင်ကလေးတွေ
စာအုပ်ရွေးလို့ရ၊ ၀ယ်လို့ရရုံမက
အနည်းငယ်ထိုင်ဖတ်လို့ရတဲ့ အချို့သောစာအုပ်ဆိုင်ကလေးတွေ
ဒါတွေဟာ..ကျွန်မ ရဲ့ နားခိုရာတဲ့လား
ကန်ရေပြင်ကို ငေးကြည့်....ငြိမ်းချမ်းစွာအတွေးစနဲ့အတူရှိနေချင်ပေမယ့်
ရန်ကုန်ကန်ရေပြင်ဟာ မိန်းမသားတစ်ယောက်ကို
နားခိုခွင့် သင့်တော်မပေးဘူး
မကြာခဏ သိမ်းဆည်းရပြီး
မကြာခဏ ရွှေ့ပြောင်းရတဲ့
စာအုပ်များပြီး အသုံးအဆောင်နည်းတဲ့
အထုပ်တွေကို ငေးကြည့်မိတယ်..။
ပြန်ထုပ်ပိုးရမှာကြောက်လို့....သူတို့တွေကို အိတ်တစ်ခုထဲက အသေချည်ထားတဲ့ ကြိုးထဲကနေ လွတ်မြောက်ခွင့် မပေးတော့ဘူး..။
နေတတ်ရင် ကျေနပ်စရာပါတဲ့..။
ဟုတ်ကဲ့ ကျွန်မ နေတတ်အောင်နေလို့ ကျေနပ်နေပါတယ်..။
ဒါပေမယ့် နှလုံးသားထောင့်တစ်နေရာက နားခိုရာငြိမ်းချမ်းသောနေရာလေးကိုတော့
ကျွန်မ မျှော်ငေးမိနေတုန်းရယ်ပါ.......။

4.4.2013
AM:10:12

အတွေးစာစု (၆)

ရင်းနှီးတယ်ထင်ခဲ့ပေမယ့်
တို့တတွေ
တကယ်တမ်း မရင်းနှီးခဲ့ပါဘူး
ရယ်မောစကားဆိုရင်းနဲ့
သော့ခတ်ထားပြီဖြစ်တဲ့
နှလုံးသားက
စစ်ခနဲ တစ်ချက်နာကျင်ရတာ
ဘယ်သူသိနိုင်မှာလဲ..။

အတွေးစာစု (၅)

အချိန်ကာလတစ်ခုပါပဲ
စိတ်ရှည်ရှည်ထားပြီး ကျော်ဖြတ်သွားနိုင်တဲ့ တစ်နေ့မှာ
အားလုံးပြီးဆုံးသွားပါလိမ့်မယ်
လုပ်နိုင်စွမ်းရှိသရွေ့
အစွမ်းကုန်ထိ လုပ်သွားဖို့သာလိုတယ်။
ဆုံးရှုံးခြင်းတွေရှိမယ်
အမြင်စိမ်းတွေရှိမယ်
တစ်သက်လုံးစာ ဖြေဆည်မရမှုတွေရှိမယ်
ဒါ ဘဝ
ဒါ ဖြစ်တည်ခြင်းဖြစ်ရဲ့
ဘာမဆို လက်ခံနိုင်ဖို့သာ လိုပါတယ်။


6.8.2013
PM:12:00

အတွေးစာစု (၄)

တရွေ့ရွေ့ကုန်လွန်သွားတဲ့ ညနေခင်းကို ကျွန်မ ငေးကြည့်နေတယ်။
ဟိုးးအဝေးးတစ်နေရာက ခရီးသွားတွေတစ်နေရာကိုများ ရောက်ရှိနေပြီလား။
ဖတ်ရှုခဲ့ရတဲ့စာသားလေးတွေ အချို့ကို ကျွန်မရင်ကို တိုးဝှေ့ဝင်ရောက်နေတယ်။
ကျွန်မ မသိသေးတာတွေ အများကြီးပဲ.....ကျွန်မ မမြင်နိုင်တဲ့အရာတွေအများကြီးပဲ....ကျွန်မ မကျွမ်းဝင်တဲ့သူတွေ အများကြီးပဲ။
ကျွန်မ ခေါင်းပေါ်မှာ ကောင်းကင်ကြီးက ကျယ်ကျယ်ပြန့်ပြန့်အုပ်မိုးထားပေမယ့် ကျွန်မ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။
ကမ္ဘာ့တစ်နေရာထဲက နေရာလေးတွေ တစ်ခု နှစ်ခု...တစစ သိခွင့်ရလာတဲ့ အချိန်မှာ ရင်တစ်ခုလုံးတုန်ရီမောဟိုက်လို့..။
ကျွန်မ ဟာ ကျွန်မ မဟုတ်တော့သလိုပဲ။
ဟိုးးအဝေးမှာ အလင်းရောင်က ဖြိုးဖြိုးဖျဖျ...။
နေ၀င်တော့မယ်..။
ကိုယ့်ပါးပြင်ကိုသာ မကြာခဏစမ်းသပ်ကြည့်ဖူးလျှက်...တစ်ပါးသူပါးပြင်ပေါ်က ဝေဒနာအရိပ်အယောင်တွေ၊ ဘ၀ပုံရိပ်မွန်းကြပ်မှုတွေ တစွန်းတစမြင်ခွင့်ရလိုက်တယ်။
ကျွန်မ အာရုံကြောတွေ ထိုင်းမှိုင်းလေးလံနေလျှက်က အားတင်းကြည့်တဲ့ အမြင်အာရုံမှာ ပြက်ပြက်ထင်ထင်။
ကိုယ်စီကိုယ်ငှ ခြေစုံရပ်နေကြတာ ဘာအတွက်များကြောင့်ပါလိမ့်........။
အနောက်ယွန်းယွန်းဆီမှာ...နေ၀င်တော့မယ်....။ ။

22.2.2013
PM:5:22

အတွေးစာစု (၃)

စကားလုံးတွေနဲ့ လူ
စကားလုံးတွေနဲ့ ကိုယ်ကျင့်တရား
စကားလုံတွေနဲ့ အပြုအမူ
စကားလုံးတွေနဲ့ စိတ်ဓာတ်
မတူညီ ကွာခြားကြသည်ကို မြင်တိုင်း
ဖုံးကွယ်တတ်တဲ့ လူ့သဘောကို
ကျမ
တစစ
သိမြင်လာခဲ့ပါတယ်..။

10.5.2013
AM:9:57

အတွေးစာစု (၂)

ကျမ
အမည်နာမ တည်ရှိစရာမလိုဘူး
ကျမ
ဟန်မာန်တွေဝင့်
ဆံစကိုသိမ်းစရာမလိုဘူး
ကျမ
ကုလားထိုင်ခြေချိတ်
နောက်ပစ်လှဲစရာမလိုဘူး
ကျမ
ဖြစ်တည်ခြင်းသက်သက်နဲ့
ဝင်သက်ထွက်သက်ရှုရှိုက်တယ်
ဒါ ဘ ဝ
ဒါ လွတ်မြောက်ခြင်းဖြစ်ရဲ့
ရယူခြင်း ~ ပေးဆပ်ခြင်း မရှိတဲ့
ချစ်ခြင်းမေတ္တာဟာ
ပ က တိ သက် သက်

Dedicated to my father, brothers & sisters,friends

အတွေးစာစု (၁)

~ အ လွှာ
ခွာ ချ လိုက် ရုံ နဲ့
တ ပွင့် ချင်း ပြုံး တယ် ~

ချစ်သူ (၄)


ညက လပြည့်ဝန်းက ထိန်ထိန်တောက်အောင် သာနေတယ်
ဝန်းပတဲ့ လတဲ့ အလင်းရောင်ကို မော့ကြည့်ရင်း
တိတ်ဆိတ်တဲ့ ညမှာ ကိုယ့်ရင်တွေ အေးချမ်းလို့ ~

မင်း သိရဲ့လား သက်ငြိမ်
ကိုယ် အခု လိုအင်ဆန္ဒတွေ မရှိတော့ဘူး
ရပ်တည်ခြင်းအတွက်
ရှင်သန်ခြင်းအတွက်
ပူပန်သောက တောက်လောင်ခဲ့ဖူးတဲ့ ကိုယ်
မင်း ပေးတဲ့ ငြိမ်းချမ်းမှုနဲ့တင်
စိတ်ကော ~ လူပါ တစ်ဘ၀လုံးအေးချမ်းနေတယ်

ရှေ့ ဘာဆက်ဖြစ်မလဲ
ဘယ်လို အစီအစဉ်တွေ ဖြစ်ပါ့မလဲ
အ ခု
ကိုယ် မစိုးရိမ်တော့ဘူး
ကိုယ့် ပတ်ဝန်းကျင်မှာ သာယာတဲ့ ဂီတသံတွေရှိတယ်
ငြိမ်သက်ပျော်မွေ့ရာ စာအုပ်ကလေးတွေရှိတယ်
ဘာမဆို အကောင်းမြင်တတ်တဲ့
မင်း စကားသံတွေရှိတယ်
ဖြစ်မလာတဲ့အရာတွေ အားလုံး
တိုးဖွဖွရယ်မောပေးတတ်တဲ့
မင်း ရဲ့ နှစ်သိမ့်လိုက်လျောခြင်းတွေ ရှိတယ်

ဝေဒနာတွေကို အနုစိတ်ခံစားတတ်တဲ့ ကိုယ်
အခု ဝေဒနာတွေကို မေ့လျော့လျစ်လျူရှုနေတတ်ပြီ
ကြည့်စမ်းပါဦး
လ ဟာ ကမ္ဘာမြေပေါ်နေရာအနှံ့ဝဲဖျာသက်ရောက်လို့
လ ရဲ့ ဖြူစင်အေးမြမှုက
ကိုယ့် ရဲ့ ကိုယ်ခန္ဓာကိုသာမက
ဟိုးးရင်ထဲ နှလုံးသားထဲအထိ နွေးထွေးစိမ့်ဝင်သွားတယ်
ကိုယ် မမြင်နိုင်တဲ့ တစ်နေရာက
မင်း လည်း ကြည်နူးပျော်ရွှင်နေပါစေ
.......................
ငြိမ်းချမ်းအေးမြနေပါစေ ချစ်သော သက်ငြိမ်။ ။

ချစ်သူ (၃)







ပူပြင်းရှတတဲ့ လွမ်းဆွတ်မတွေ မရှိပါဘဲနဲ့ ရင်ထဲက စိမ့်ကနဲသတိရမိတဲ့ အခါ မျက်ရည်အနည်းငယ်စို့သွားတယ် သက်ငြိမ်......

ကိုယ် ငိုချင်လာတာရယ် မဟုတ်ပါဘူး
မင်းကို မြင်ယောင်ပြီး သတိတရရှိလွန်းလှတဲ့ ကိုယ့် ရင်မှာ တိုင်တည်ခြင်းသွေးတွေ လှည့်ပတ်စီးဆင်းနေတာပါ

ဒီနေ့ ရုံးမှာ ကိုယ့် Department က ကိုယ် တစ်ယောက်တည်း အိုတီဆင်းရတယ်
တံခါးမကြီးကို ပိတ်ထားပြီ်း တစ်ယောက်တည်း စိတ်ရှိလက်ရှိသီချင်းတွေ အကျယ်ကြီး ဖွင့်လို့ရတယ်
မင်း သိပ်ကြိုက်တဲ့ သီချင်းတွေ ကိုယ် ဖွင့်လျှက်ပေါ့
နားမလည်တာတွေလဲ ပါရဲ့
ဒါပေမယ့် ကိုယ့် စိတ်ထဲမှာ မင်း နဲ့ အတူ နားထောင်နေရသလိုခံစားနေရတယ်။

လုပ်ငန်းဆိုင်ရာစာရင်းတွေ တစ်ခု ချုပ်ပြီးတိုင်း ကုလားထိုင်နောက်မှီကို မှီပြီး မျက်နှာကြက်ကို မော့ကြည့်မိတယ်
မင်း နဲ့ ပြောခဲ့တဲ့ စကားသံတွေ ကိုယ်ပြန်ကြားယောင်တော့ နှုတ်ခမ်းအစုံကအလိုလိုပြုံးလာတယ်..
ဒီအချိန်ဆို အပြင်မှာ နေတွေသိပ်ပူနေမလားကွယ်
မင်း သိပ်ကို နွမ်းလျလို့နေမလား.....။

မျက်ရည်တွေစိုစွတ်တဲ့ လွမ်းဆွတ်မှုဆိုတာကို ကိုယ် ခံစားဖူးခဲ့ပြီ သက်ငြိမ်
မေတ္တာဆိုတာကို ကိုယ် နားလည်ခဲ့ပြီ
ပန်းကလေးတွေကို လှလိုက်တာဆိုပြီး မွှေးကြူဖို့၊ ထိတွေ့ဖို့၊ ပန်ဆင်ချင်လိုတဲ့ ဆန္ဒမရှိဖူးခဲ့တဲ့ ကိုယ်
သေးငယ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ရှိနေ၊ သိနေရုံကလွဲပြီး ပွေ့ချီဖို့၊ မြှုငင်ဖို့၊ ပွတ်သပ်ချော့မော့ဖို့ တရံခါမှ မစဉ်းစားဖူးတဲ့ ကိုယ်
ဝါဿနာပါရာစာလေးတွေ ရေးသားခြင်းမှာ ဆောင်းပါးတွေ၊ အက်ဆေး တွေ ကလွဲပြီး ချစ်ခြင်းမေတ္တာအကြောင်း တရံဆစ်မှ မရေးချင်ခဲ့တဲ့၊ မရေးဖြစ်ခဲ့တဲ့ ကိုယ်
အဲသလို ကိုယ့် နှလုံးသားဟာ မင်း ကြောင့် နွေးထွေးညင်သာလာခဲ့ရတယ်ဆိုရင်………။

ဒါ ဟာ လိုအင်ဆန္ဒပါတဲ့ အချစ် မဟုတ်ဘူးဆိုတာကို ကိုယ် အသေအချာ သိနေပါတယ် သက်ငြိမ်
အချစ်ဆိုတာ တရံခါမှ မယုံကြည်ဖူးတဲ့၊ အထင်မကြီးခဲ့တဲ့ ကိုယ် ဟာ …ဒီလို နူးညံ့သိမ်မွေ့တဲ့ ခံစားချက်ကို ကိုယ်တိုင် လိုချင်ဆန္ဒဆန်တဲ့ အချစ် လို့ နာမည်မရေးထိုးရက်ပါဘူး
ကိုယ် မင်း ကို လိုအပ်ခဲ့တာ မဟုတ်ခဲ့သလို၊ မင်း ထံက ဘာမှလည်း လိုချင်နေခဲ့တာ မဟုတ်ခဲ့ပါဘူး
မင်း နားလည်နိုင်ပါ့မလား သက်ငြိမ်
ကိုယ့် ဘ၀ရဲ့ တစ်ခုတည်းသော ဖြူစင်အေးချမ်းမှုများနဲ့ တန်ဖိုးထားလေးစားမြတ်နိုးရာ ရတနာတစ်ခုအနေနဲ့ မင်း ကို တည်ရှိစေခဲ့တာပါ
မင်း သိရှိဖို့ မလိုအပ်သလို၊ ဘာမှလဲ ပြန်ပေးဖို့ မလိုအပ်ပါဘူးကွယ်။

သက်ငြိမ်……
ကိုယ် မျက်ဝန်းအစုံခဏမှေးမှိတ်တဲ့ခဏ…မျက်ရည်အနည်းငယ်ကျတယ်
မင်း ကို လွမ်းဆွတ်သတိရခြင်းတွေ လှိုက်ကနဲ စိမ့် စိမ့် တက် လာတယ်
မင်း ဘာတွေများ လုပ်နေမလဲ
သီချင်းကို ခပ်တိုးတိုးဖွင့်ပြီး ကိုယ် ဖတ်ခွင့်မရှိတဲ့ စာတွေကိုများ ရေးနေသလား
စိတ်နှလုံးအေးချမ်းတဲ့ မင်း ဟာ ငြိမ်ငြိမ်သက်သက် ပျော်ပျော်ရွှင်ရွှင်ကလေးရှိနေမှာ ကိုယ် သိပါတယ်
မင်း ကို လွှမ်းခြုံထားတဲ့ ဝေဒနာများအလယ်မှ လွတ်မြောက်နိုင်ပါစေ
အလွှာတစ်ခုရဲ့ တစ်ဘက်ခြမ်းက မင်း ကို ဖြူစင်အေးချမ်းတဲ့ မေတ္တာတွေနဲ့ ကိုယ် ပို့သပေးတဲ့ မေတ္တာတွေကြောင့် မင်း ဘ၀ ဒါ့ထက်ပိုပြီး အ, စစ အ ရာရာ အေးချမ်းသာယာနိုင်ပါစေ။

သက်ငြိမ်…………
မင်း အကြောင်း တွေးမိတဲ့အခိုက် ကိုယ့် မျက်ဝန်းက မျက်ရည်က အလိုလိုတိတ်ပြီး မျက်နှာက ပြုံးယောင်သန်းလာတယ်
မင်း ဟာ အရိပ်အငွေ့နဲ့တောင် ကိုယ့်ကို အေးချမ်းစေခဲ့တဲ့ သူပါ၊

သက်ငြိမ်…..
မင်း ဟာ ကြင်နာခွင့်လွှတ်တတ်တဲ့ နှလုံးသားရှိနေသလို
ပြတ်သားခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ၊ ဘ၀ရပ်တည်မှုတွေ ရှိနေတာလည်း ကိုယ် သိခွင့်ရခဲ့တယ်
အဲ့အချိန် ကြည်နူးစိတ်နဲ့ မျက်ရည်ဝိုင်း ပြုံးမိနေတယ် ဆိုတာ ဟို တစ်ဘက်ခြမ်းက မင်း သိမှာမဟုတ်ပါဘူး
ကိုယ့်နှလုံးသွေး သားငယ်တစ်ယောက်ရဲ့လုပ်ဆောင်ချက်ကလေးအပေါ် မိခင်တစ်ယောက်ရဲ့ ဂုဏ်ယူ ချစ်ခင်ခြင်းများနဲ့ ခံစားချက်နဲ့ထပ်တူ ကိုယ် ကြည်နူးဝမ်းသာနေမိခဲ့တယ်
ကိုယ် မင်း ကို စိတ်ချတယ် လို့ ပြောမိရင် မင်း များ ခပ်သဲ့သဲ့ရယ်မောမိလေမလား
အခုတောင် ကိုယ် ရယ်မောမိတယ်
စိတ်အားအင်တွေ မင်း ဆီက အမြဲရယူခဲ့ရတဲ့ ကိုယ် က မင်း ကို စိတ်ချတယ်လို့ ပြန်ပြောတော့ ပြုံးချင်စရာဖြစ်မနေဘူးလား။

ဒါပေမယ့် သက်ငြိမ်ရယ်..
လောကဓံရဲ့ ဘယ်ရိုက်ချက်ကိုမဆို မတုန်မလှုပ်ရင်ဆိုင်နိုင်တဲ့ မင်း အတွက်
ဘ၀ရဲ့ အနိမ့်အမြင့် လှိုင်းအပုတ်ကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ အပြုံးမပျက်ရင်ဆိုင်နိုင်တဲ့ မင်း အတွက်
သည်းခံခွင့်လွှတ်ခြင်းတွေ ရှိသလောက် ကိုယ့် ရပ်တည်ချက်ကို ခိုင်မာပြတ်သားစေနိုင်တဲ့ မင်း အတွက်
မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအပေါ် ငြိမ်းချမ်းအေးမြတဲ့ မေတ္တာနဲ့ အမြဲ လွှမ်းခြုံထားနိုင်တဲ့ မင်း အတွက်
ကိုယ် … တ က ယ် စိ တ် ချ ပါ တ ယ်။

အပြင်မှာ နေတွေပူနေပြီ သက်ငြိမ်
ဂရုတစိုက်ကလေးနေပါ
အပေးအယူမပါတဲ့ မေတ္တာရဲ့ စွမ်းအင်လှိုင်းနဲ့ မင်း အေးချမ်းပျော်ရွှင်နေဖို့ ခပ်တိုးတိုးရေရွတ်မိပါရဲ့
ကြည်လင်သောအပြုံးနဲ့ နွေးထွေးစွာပြုံးနေနိုင်ပါစေ ချစ်သော သက်ငြိမ်…။ ။

30.3.2013
AM:11:27

ချစ်သူ (၂)






မိုးးဟာ ကျွန်မကို လွမ်းရခြင်းတွေနဲ့အတူ ပူပန်ရခြင်းတွေကိုပါ ယူဆောင်လာပေးတယ်
မိုးရဲ့ အငြှိုးအောက်မှာ နာဖျားခြင်းတွေ သယ်ဆောင်လာခဲ့ရဲ့
မီးဝါလေးလင်းလက်နေတဲ့ နေမကောင်းခြင်းစာသားကို ငေးစိုက်ကြည့်နေမိတယ်
မိုးးးးးးးး
ကောင်းကင်အား အုံ့မှိုင်းခြင်းဖြင့် နာဖျားခြင်းမှ လွတ်မြောက်အောင် လင်းထင်းလှည့်ပါ
တဖောက်ဖောက်ရွာကျနေတဲ့ မိုးသည်းသည်းတွေအောက်
တစိမ့်စိမ့်အေးသက်ခြင်းတို့မှ
နေရောင်ခြည်ရဲ့အလင်း
နွေးထွေးခြင်းနဲ့
ကောင်းကင် ၀င်းပ ပါစေ

ချစ်သူ (၁)








တိမ်တွေညိုနေပြီလား...နေ၀င်နေပြီရယ်လား...
အမှောင်ဟာ ၀ိုးတ၀ါးနဲ့ ကျွန်မ ကမ္ဘာကို တရိပ်ရိပ်လွှမ်းခြုံတယ်
ကောင်းကင်မရှိတော့ဘူးဆိုတဲ့အသိက
ကျွန်မကို တရိရိနဲ့ အမျှော်စိတ်ကို မောစေတယ်
သူ ရှိစဉ်က မိုးရွာတာကို ငြိုငြင်ခဲ့သလို
နေပူတာကိုလည်း ငြူစူခဲ့ပါတယ
တိမ်ထူထပ်တော့လည်း မှိုင်းပျလွန်းတယ် ပြောမိခဲ့ရဲ့
အ ခု ကျွန်မရဲ့ ကောင်းကင်ဘယ်ဆီမှာလဲ....
ရပ်မျက်နှာတစ်ခွင်ကို ရမ်းရော်မှန်းဆ
အလွမ်းဟာ ရင်ကို တနင့်နင့်တိုးဝှေ့တိုက်ခတ်တယ်
ကောင်းကင်ရှိစဉ်က သူရှိနေတယ်ဆိုတဲ့ အသိနဲ့
ဘယ်အချိန်မော့ကြည့်ကြည့် အုပ်မိုးထားမယ်ဆိုတဲ့ အသိနဲ့
ကျွန်မ သေချာမှုအားအင်တစ်ခုရှိခဲ့တယ်
အ ခု ကျွန်မရဲ့ကောင်းကင် ဘယ်ဆီမှာလဲ
တစ်ခုသော အရပ်မှာ မုန်တိုင်းတွေထန်မနေစေဖို့ဆုတောင်းရင်း
ချစ်သော ကောင်းကင်ကို
ကျွန်မ လွမ်းဆွတ်နေပါတယ်.............။