Tuesday, September 10, 2013

Donar Meeting

စက်တင်ဘာ ၂၇ နဲ့ ၂၈ မှာ Donar Meeting ရှိတယ်..။ Partner Meeting လို့လည်း ခေါ်ရဲ့...။ ဘယ်နှစ် နှစ်တစ်ခါ လုပ်တဲ့ မီတင်လဲတော့ မသိဘူး...။ ကိုယ့်အတွက်တော့ ဒါပထမဆုံးကြုံတွေ့ခြင်းပဲ...။ ဒီနေ့ အဲ့ ပွဲအတွက် ကြိုတင်စီစဉ်ဖို့ ရုံးမှာ အစည်းအဝေးလုပ်တယ်..။ ဘယ်အဖွဲ့က ဘာတာဝန်ယူပေါ့။ ကိုယ် က ထုံးစံအတိုင်း Display မှာတာဝန်ကျတယ်။ အခမ်းအနားပြင်ဆင်ရေးပေါ့။ ပြင်ဆင်ရတာတော့ မပင်ပန်းဘူး။ ဒါပေမယ့် Display အုပ်စုထဲ ခြေဆော့လက်ဆော့ရှိတဲ့သူ တစ်ယောက်ပါနေတာ ဆိုးတယ်။ ကိုယ့် ပစ္စည်း   တွေ ကိုယ် ဂရုစိုက်ကြည့်နေရတော့မှာပဲ။ ဒါ့အပြင် ကိုယ့် အပေါ် ချောက်မချအောင်လည်း သတိထားနေ ရဦးမယ်။ အဲ့ တစ်ယောက်က အဲလောက်ထိ ဆိုးပါတယ်။ ဒါပေမယ့် လက်ပူးလက်ကြပ်ရယ်လို့ မဖမ်းမိသေး တဲ့အခါ သူ့ကို အလုပ်က ထုတ်ပယ်ဖို့ခဲယဉ်းနေသေးတယ်။ ၀န်ထမ်းတစ်ယောက်အပေါ် ငဲ့ညှာရမယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကလည်း ခံသာနေတာဖြစ်မယ်..။ ထားပါတော့....ဒါတွေ။

အခမ်းအနားမှာ တိုင်းရင်းသား အက တွေလည်း ထည့်သွင်းထားတော့ မရှိ ရှိတဲ့ ရုံးဝန်ထမ်းတွေပဲ အက တိုက်ကြရပါတယ်။ ယဉ်ကျေးမှုအဖွဲ့အစည်းကနေ တစ်ခါတည်းပုတ်ပြတ်ငှားလိုက်ပါတော့လား ဆိုတော့ လည်း သုံး လေး သိန်း ကုန်မှာမို့ ဘတ်ဂျက်ကို တွက်ချက်နေပြန်တယ်။ အဲသလို လူမှုအဖွဲ့အစည်းရယ်ပါ။ အများတကာ NGO, INGO တွေမှာ လစာတွေ ဖောဖောသောသော၊ ဘတ်ဂျတ်တွေ အပြည့်နဲ့..ကိုယ် တို့ အဖွဲ့အစည်းကတော့ စစ်ဖြစ်တဲ့နေရာတွေ၊ HIV တွေ၊ သဘာဝဘေးဒဏ်နေရာတွေ ကလွဲလို့ ဘယ်နေရာ ကိုမှ ပိုက်ဆံထွက်ချင်ပုံမရဘူး။ ၀န်ထမ်းတွေ လစာလည်း ပုံမှန်ပဲ။ နေ့စဉ် ထမင်း ဟင်းလည်း ငါးပိရည် တို့စရာပါလျက်ပဲ။ ဒါပေမယ့် ကိုယ် တို့တွေ ပျော်ပါတယ်။ ကွင်းဆင်းရပြီဆိုရင် ပိုပျော်တယ်။ တကယ့် လူနေမှုမှာ ဘယ်လောက်လိုအပ်နေလဲဆိုတာ မျက်ဝါးထင်ထင်မြင်ရပြီဆိုရင် ကိုယ် သိပ်စိတ်မကောင်း   ဖြစ်တာပဲ။ ဒီလို ဖြစ်တယ်ဆိုလို့ ကိုယ် တွေလည်း ပြည့်ပြည့်စုံစုံနေရတယ် မဟုတ်ပြန်ပါဘူး။ ရုန်းရင်း ကန်ရင်း နည်းပါးတယ်ဆိုနိုင်တဲ့ လစာနဲ့ ရှင်သန်နေရတာပါ။

Tuesday, August 27, 2013

မိုးတိတ်တဲ့နေ့

ဒီနေ့ မိုးမရွာဘူး..။
မိုးမရွာတာ ဘာမှ မဆန်းဘူး....။
ဒါပေမယ့် တစ်ပတ်ကျော်ကျော် မိုးတွေနဲ့ မည်းမှောင်နေခဲ့တဲ့ အတွက် ဒီနေ့ မိုးမရွာတာ ကျမ နေသာနေတယ်...။
မိုးတွေ သိပ်အေးရင် နေမကောင်းဘူး.။ လျှော်တဲ့ အ၀တ်တွေ မခြောက်ဘူး..။
အဲ့တော့ ဒီနေ့ မိုးမရွာတာ ၀မ်းသာနေတယ်..။

ဒီနေ့ ကျမ မွေးနေ့...။
မွေးနေ့ဆိုတာ တစ်နှစ်တစ်ခေါက်ကြုံနေကျပဲ သိပ်မထူးဆန်းဘူး..။
ဒါပေမယ့် စိတ်ထဲတစ်မျိုးတော့ ဖြစ်နေတယ်..။

နားထဲမှာ ကြားယောင်နေတယ်..။
A.မွေးနေ့ဆိုတာ အဓိပ္ပာယ်မရှိဘူးကွ
နောက်တစ်နေရာမှာပဲ ဒီအသံက
B.မ မွေးနေ့မှာ ပျော်ရွှင်ပါစေ
အသံတစ်ခုတည်းက ဘာလို့နေရာနှစ်ခုမှာ မတူညီရလဲ ကျမ မသိဘူး...။

မျက်လုံးထဲ မြင်ယောင်နေတယ်..။
A.မေမေ..ဒီနေ့ သမီးမွေးနေ့
အမ် ဟုတ်လို့လား..။
B.သမီးလေးမွေးနေ့..ရော့...အရုပ်ကြီး
ဟယ်...၀မ်းသာလိုက်တာ မေမေ 
အမှတ်သညာတွေ ဘာကြောင့်ကွဲပြားကြသလဲ ကျမ မသိ ဘူး..။
  

Tuesday, August 13, 2013

ချစ်သူ (၆)

ဘာလိုလိုနဲ့ သက်ငြိမ် နဲ့ စကားပြောခွင့်မရတာ ငါးရက်ရှိသွားပြီ။
လွမ်းဆွတ်မှုတွေလည်း တစစသိပ်သည်းလာလို့…။

ဝေးကွာနေသလိုခံစားရပေမယ့် မင်း ရေးတဲ့စာလေးတွေက တဆင့် လှုပ်ရှားမှုလေးတွေ မြင်နေခွင့်ရလို့ ကိုယ် ကျေနပ်ပါတယ်။ ကိုယ်ရေးတဲ့ စာစုလေးအချို့ကနေ တစ်စုံတခုကို စိုးရိမ်ပြီး မင်း အနည်းငယ်အေးစက် သွားလေရဲ့။ တစ်မျိုးတမည်ထင်သွားခဲ့တာ ကိုယ် နားလည်ပါတယ်…။ 

ကိုယ့်ခံစားချက်ကို ကိုယ် သာ သိနေ နိုင်တဲ့အတွက် မင်း ထင်သလိုမဟုတ်ပါဘူးဆိုတာ ရှင်းပြချင်ပေမယ့် ကိုယ့်အတွက် အဲဒီံအခွင့်အရေး မရခဲ့ပါဘူး။ ဒီအတိုင်းလေး ငြိမ်ငြိမ်သက်က်ကလေးနေရတာက မင်း အတွက် ပိုစိတ်သက်သာရ ရ အေးချမ်း မယ်ထင်ရဲ့လေ..။

ကိုယ် နှုတ်ဆိတ်နေလိုက်တယ် သက်ငြိမ်..။
မင်း အတွက်ရယ်ပါ..။.

ကိုယ့် အတွက်တော့ အားကိုးတိုင်ပင်ဖော်၊ ရင်ဖွင့်ဖော် တစ်ယောက်ဆုံးရှုံးသွားခဲ့တာပဲလေ။
ဘာမဆို စာစုလေးတွေ ချရေးဖြစ်တတ်တဲ့ ကိုယ့် အပြစ်ရယ်ပါ….။
မင်း ပျော်ပျော်ရွှင်ရွှင်လေးနေပါကွယ်…။

မင်း ရဲ့ တခြားဘက်ခြမ်းဆီမှာ ကိုယ် ငြိမ်ငြိမ်သက်သက်ကလေး တည်ရှိနေပါတယ်..။
တကယ်တော့ ဖြူဖြူစင်စင်မေတ္တာကလေးတစ်ခု၊ တန်ဖိုးထားမှုလေးတစ်ခုနဲ့ နှောင်ဖွဲ့ခြင်းမမည်တဲ့ ကြိုးလေးတစ်မျှင်ရယ်ပါ…။

ဒါ ကို ဘယ်သူမှ နားမလည်နိုင်တဲ့နောက်…မင်း နားမလည်နိုင်တာလည်း အဆန်းမဟုတ်ပါဘူးလေ…။
ကိုယ် က Outsider ရယ်ပါ..။

5.4.2013
PM:4:21

ချစ်သူ (၅)


နေရာသစ်ကို ရောက်လာခဲ့ပြန်ပြီ သက်ငြိမ်။

ကျဉ်းမြောင်းလှောင်ပိတ်တဲ့ အခန်းကျဉ်းလေး မဟုတ်တော့ပေမယ့် အစိမ်းအသက်အငွေ့အနံ့ရတဲ့ နေရာမှာ ကိုယ် ယောင်နနဖြစ်နေတယ်။ နေရာသစ်မှာ လူသစ်တွေနဲ့ နာရီပိုင်းအတွင်းတော့ ဘယ်မှာအကျွမ်း တ၀င်ဖြစ်ပါ့မလဲဘေ။ မင်း ကို သတိရစိတ်တွေနဲ့ ကိုယ့်ရင်မှာ ပြည့်လျှံလာတယ်။ တည်ငြိမ်အေးဆေးပြီး ကရုဏာအရိပ်အငွေ့တွေ ယှက်သန်းနေတဲ့ မင်းရဲ့စကားသံတွေ ကြားခွင့်ရရင် ကိုယ် စိတ်သက်သာရ ချမ်းမြေ့နိုင်မယ်ထင်ရဲ့။

ကိုယ် ဖုန်းခေါ်တိုင်း တိုက်ရိုက်ခေါ်ဆိုတဲ့အချိန် တော်တော်ရှားပါတယ်။ မင်း စာရေးနေမှာ၊ သီချင်းလေး နားထောင်နေမှာ၊ ကိုယ် လက် မအီမသာ ဖြစ်နေမှာ စိုးရိမ်မိတတ်တဲ့ ကိုယ် ဟာ can I call? ဆိုတဲ့ message လေးအရင်ပို့ပြီး မင်း ထံက OK လို့ reply ပြန်လာမှ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီကနေ့တော့ writing လို့ ပြန်စာ လေးရချိန်မှာတော့ ရုတ်တရက် ၀မ်းနည်းသွားစိတ်နဲ့ ကိုယ် ငြိမ်သက်သွားခဲ့တယ်။ တကယ်ပဲ writing ပဲလား သက်ငြိမ်ရယ်။

ကိုယ့်စိတ်တွေ စနိုးစနောင့်နဲ့ တွေတွေဝေေ၀လေး အခိုက်အတန့်တော့ ငြိမ်သက်နေခဲ့တယ်။
နောက်တော့ မင်း ငြိမ်းငြိမ်းချမ်းချမ်းလေးရှိနေမှာပဲလို့ တွေးမိတဲ့ အခါ ကိုယ့် နှုတ်ခမ်းတွေပြုံးရယ်လာတယ်။ ကိုယ် က မင်း ပျော်ရွှင်အေးချမ်းနေမှာကိုပဲ လိုလားတယ်မလား။

ကိုယ့်အလိုဆန္ဒအတွက် စကားပြောချင်မိတဲ့ ကိုယ် ရှက်စနိုးတော့ဖြစ်သွားမိတယ်…။
နေရာသစ်ရဲ့ စိမ်းသက်သက် အငွေ့အသက်တွေအောက်မှာ ကိုယ် မင်း ကို အေးမြမြလေးလွမ်းဆွတ်မိနေ ပါတယ်။

1.4.2013
PM:9:10





အတွေးစာစု ( ၇ )

တကယ်တော့ အရာရာအားလုံးဟာ ပြောင်းလဲသွားတာ မဟုတ်ပါဘူး
ကျမ ရဲ့ အလိုဆန္ဒတွေကြောင့်သာ မတူခြားနားသွားတယ် ထင်ရတာ ~

ဘယ်သူမှ မရှိလည်း
ပြုံးပြခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ချက်နဲ့
ကျမ ရှင်သန်တယ် ~

မိရွှေဘုတ်

အက်ကြောင်းနေ့စွဲ (၁)

မပြုံးတတ်တာကြာပြီ
ဒီအချိန်မှာ
မိသားစုရဲ့ နာရေးသတင်းကိုကြားရရင်တောင်
ထူးပြီးနာကျင်တော့မယ်မထင်

ဘာများတတ်နိုင်ဦးမှာလဲ
ကိုယ် လုပ်နိုင်သလောက်ထက် အပြင်
ဘာများလုပ်နိုင်ဦးမလဲ
အရာရာ အဆင်ပြေချောမွေ့သွားမယ်ဆိုရင်
ကိုယ့် အသွေးအသားတွေ
တရိရိခုတ်ဖြတ်
အပိုင်းပိုင်းအတစ်တစ် သေပွဲဝင်ရပါစေ
ဒီ ဘ  ဝ
လက်စတုန်းပေးလိုက်မယ်...။

စိမ်းလန်းသောကမ္ဘာ



နေရာသစ်ကြောင့်ရယ် မဟုတ်ပါဘူး
နေရာဟောင်းပါပဲ
လူသစ် မိတ်သစ်လည်း မဟုတ်ဘူး
လူဟောင်း မိတ်ဟောင်းတွေပါပဲ
အသစ်အသစ်တွေ မြင်တွေ့နေတာရယ်လည်း မဟုတ်ဘူး
မြင်နေကျ တွေ့နေကျတွေပါပဲ

နံနက်ခင်းဟာလည်း နေမြဲပဲ
လေပြေတွေကလည်း နေမြဲပဲ
မောင်းထားတဲ့ ညနေခင်းဟာလည်း နေမြဲပဲ
သီဆိုနေကျ ပန်းပွင့်ကလေးတွေကလည်း နေမြဲပဲ

သမားရိုးကျဖြစ်ရိုးဖြစ်စဉ်တွေမှာပဲ
သူလို ကိုယ် လို  ရယ် ကြ ပြုံး ကြ
သူလို ကိုယ် လို ပင့်သက်ရှိုက်ကြ
သူ လို ကိုယ် လို အရောင်တွေခြယ်ကြ
သူလို ကိုယ် လို လက်သီးလက်မောင်းတန်း
သူလို ကိုယ် လို ချစ်ခြင်းတွေစုံကြတယ်

ထူးထူးဆန်းဆန်းမဟုတ်ပါလျှက်
လန်းလန်းဆန်းဆန်းဖြစ်မိတယ်

အရောင်လက်ခဲ့ကြတဲ့ မာနတွေက
လက်မြဲလက်နေပါလျှက်
ပိုလှပလို့နေတာ ဘာကြောင့်လဲ

မျက်မှန်းတမ်းမိသူတွေလည်း
အခါတိုင်းလို ဖြတ်သန်းသွားပါလျှက်
ချိုသာတဲ့ သံစဉ်ကိုကြားမိတာ ဘာကြောင့်လဲ

မိုး ဟာလည်း ပုံမှန်အတိုင်း

နွေ ဟာလည်း ပုံမှန်အတိုင်း

နှင်းဖွေးဖွေးတွေဟာလည်း ပုံမှန်အတိုင်း

မိုးဖွဲဖွဲတွေအောက် အေးမြတဲ့သံစဉ်ကြားရတာ
ဘာကြောင့်လဲ

နွေ နေ့လယ်ခင်းတွေမှာ
သာယာတဲ့ ဥသြသံကြားရတာ
ဘာကြောင့်လဲ

နှင်းဖွေးဖွေးတွေကြား
ဆုပ်ခဲကစားချင်စွာ
ကြည်နူးမိတာ ဘာကြောင့်လဲ


ဘ  ၀ ဟာ
အ   လွှာ    လှ    စ်    လို   က်   တဲ့   အ     ခါ   ။                    ။


မိရွှေဘုတ်
04.07.2013
PM:3:43

တ စ စ ပြယ် .....

ရခဲ့တယ်ထင်ခဲ့တဲ့ မေတ္တာတွေကွဲရှကုန်တယ်..။
အပိုင်းအစတွေ ယုယုယယကောက်ယူကြည့်တော့
ပုလင်းကွဲတောင် အတုတွေဆိုတာ သွားတွေ့တယ်
ထိုက်တန်ခဲ့ပါတယ်....
ကိုယ့်လို လူအတွက် ...
တကယ်....ထိုက်တန်ခဲ့ပါတယ်...
ညီမလေး ခေါ်သံရဲ့ နေရာမှာ သူစိမ်းဆန်ဆန်နှုတ်ဆက်ခြင်းနဲ့
ညီမ ဆိုတာတွေ ထပ်လာတယ်..
ကွယ်...ကိုယ် ကပဲ အနုစိတ်လွန်းတယ်ထင်ရဲ့....
တကယ်ပါ
ခေါ်သံတွေမှာ
ဘာသာမပြန်မိခဲ့ရင်ကောင်းမယ်
သက်မဲ့စာလုံးတွေမှာ
အေးစက်ခြင်းတွေရှာမတွေ့ခဲ့မိရင်ကောင်းမယ်
ကိုယ်..ဟာ...
နုံအ သူလည်း ဖြစ်ရဲ့
သိမ်ငယ်သူလည်း ဖြစ်ရဲ့
တစ်ခါနူးညံ့ရင်
ဘ၀ဆုံးတိုင်
အပြီးအစီး မှတ်တယ်
လူ့ယဉ်ကျေးဂုဏ်တန်တွေရဲ့
မင်္ဂလာပါခင်ဗျာ / ရှင်
လှိုက်လှဲနွေးထွေးတယ် ထင်မှတ်ခဲ့တာ
မှား...........တယ်
ကိုယ် ဖွင့်ဟပေးခဲ့တဲ့
သက္ကရ်ာဇ်တွေတွက်
ရင်းနှီးနားလည်တယ်ထင်ခဲ့တာ
မှား.....တယ်
“ရိုးတာ ကောင်းတယ်..အ တာ မကောင်းဘူး”
အစ်ကို တစ်ယောက်က ဆိုခဲ့ရဲ့
ဟုတ်ကဲ့ပါ..လူ့လောက
ကျွန်မ ခပ်တုံးတုံးနဲ့
ရိုး...အ နေပါရစေ
“ဘာမဆိုဖွင့်ဟတိုင်ပင်လို့ရတယ်”
ခါတရံ ကြားယောင်ရဲ့
မသိခြင်းမှန်သမျှ
သိခြင်းတွေ ပြည့်နှက်တဲ့အခါ
အေးစက်ဝေးကွာခြင်းကို ဖြစ်စေသတဲ့
မင်္ဂလာပါ ....
ဒီစကားသံမှာ ပွင့်လင်းဖော်ရွေမှု မရှိတတ်တော့တာ
မျက်လုံးစုံမှတ်လိုက်တဲ့
ကိုယ့် နှလုံးသားပဲထင်ရဲ့
ထိုက်တန်ခဲ့ပါတယ်
ကိုယ်..လို လူအတွက်
တကယ်.........
ထိုက်တန်ခဲ့ပါတယ်..။

19.3.2013
AM;11;56

ခိုနားရာ~အိပ်မက်ကမ္ဘာ


 
တစ်နေ့သော အခါမှာ………..
ကြည်လင်တောက်ပတဲ့ အလင်းရောင်ကျရောက်တဲ့
နွေးနွေးထွေးထွေးအခန်းလေးထဲ
ခါတရံ အေးမြလတ်ဆတ်တဲ့ လေပြေလေညင်းတွေ တိုက်ခတ်မယ်
ပြင်ပကိုထိုးဖောက်မြင်ရတဲ့
ကြည်လင်တဲ့ မှန်ပြတင်းကနေ
သစ်ပင်စိမ်းစိုစိုလေးတွေ လှမ်းကြည့်ရင်း
သီချင်းသံခပ်တိုးတိုးလေးဖွင့်လို့
အတွေးငြိမ်သက်သက်တွေနဲ့
စာလေးတွေ သီဖွဲ့မယ်....
နွေးထွေးနုညက်တဲ့အိပ်ရာထက်
သင်းပျံ့တဲ့ရနံ့နဲ့ အိပ်စက်မယ်..
ခိုနားရာအိပ်မက်လှလှမက်ချင်လှတယ်
တစ်နေ့သော အခါမှာ...............