Tuesday, September 10, 2013
Donar Meeting
စက်တင်ဘာ ၂၇ နဲ့ ၂၈ မှာ Donar Meeting ရှိတယ်..။ Partner Meeting လို့လည်း ခေါ်ရဲ့...။ ဘယ်နှစ် နှစ်တစ်ခါ လုပ်တဲ့ မီတင်လဲတော့ မသိဘူး...။ ကိုယ့်အတွက်တော့ ဒါပထမဆုံးကြုံတွေ့ခြင်းပဲ...။ ဒီနေ့ အဲ့ ပွဲအတွက် ကြိုတင်စီစဉ်ဖို့ ရုံးမှာ အစည်းအဝေးလုပ်တယ်..။ ဘယ်အဖွဲ့က ဘာတာဝန်ယူပေါ့။ ကိုယ် က ထုံးစံအတိုင်း Display မှာတာဝန်ကျတယ်။ အခမ်းအနားပြင်ဆင်ရေးပေါ့။ ပြင်ဆင်ရတာတော့ မပင်ပန်းဘူး။ ဒါပေမယ့် Display အုပ်စုထဲ ခြေဆော့လက်ဆော့ရှိတဲ့သူ တစ်ယောက်ပါနေတာ ဆိုးတယ်။ ကိုယ့် ပစ္စည်း   တွေ ကိုယ် ဂရုစိုက်ကြည့်နေရတော့မှာပဲ။ ဒါ့အပြင် ကိုယ့် အပေါ် ချောက်မချအောင်လည်း သတိထားနေ ရဦးမယ်။ အဲ့ တစ်ယောက်က အဲလောက်ထိ ဆိုးပါတယ်။ ဒါပေမယ့် လက်ပူးလက်ကြပ်ရယ်လို့ မဖမ်းမိသေး တဲ့အခါ သူ့ကို အလုပ်က ထုတ်ပယ်ဖို့ခဲယဉ်းနေသေးတယ်။ ၀န်ထမ်းတစ်ယောက်အပေါ် ငဲ့ညှာရမယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကလည်း ခံသာနေတာဖြစ်မယ်..။ ထားပါတော့....ဒါတွေ။
အခမ်းအနားမှာ တိုင်းရင်းသား အက တွေလည်း ထည့်သွင်းထားတော့ မရှိ ရှိတဲ့ ရုံးဝန်ထမ်းတွေပဲ အက တိုက်ကြရပါတယ်။ ယဉ်ကျေးမှုအဖွဲ့အစည်းကနေ တစ်ခါတည်းပုတ်ပြတ်ငှားလိုက်ပါတော့လား ဆိုတော့ လည်း သုံး လေး သိန်း ကုန်မှာမို့ ဘတ်ဂျက်ကို တွက်ချက်နေပြန်တယ်။ အဲသလို လူမှုအဖွဲ့အစည်းရယ်ပါ။ အများတကာ NGO, INGO တွေမှာ လစာတွေ ဖောဖောသောသော၊ ဘတ်ဂျတ်တွေ အပြည့်နဲ့..ကိုယ် တို့ အဖွဲ့အစည်းကတော့ စစ်ဖြစ်တဲ့နေရာတွေ၊ HIV တွေ၊ သဘာဝဘေးဒဏ်နေရာတွေ ကလွဲလို့ ဘယ်နေရာ ကိုမှ ပိုက်ဆံထွက်ချင်ပုံမရဘူး။ ၀န်ထမ်းတွေ လစာလည်း ပုံမှန်ပဲ။ နေ့စဉ် ထမင်း ဟင်းလည်း ငါးပိရည် တို့စရာပါလျက်ပဲ။ ဒါပေမယ့် ကိုယ် တို့တွေ ပျော်ပါတယ်။ ကွင်းဆင်းရပြီဆိုရင် ပိုပျော်တယ်။ တကယ့် လူနေမှုမှာ ဘယ်လောက်လိုအပ်နေလဲဆိုတာ မျက်ဝါးထင်ထင်မြင်ရပြီဆိုရင် ကိုယ် သိပ်စိတ်မကောင်း   ဖြစ်တာပဲ။ ဒီလို ဖြစ်တယ်ဆိုလို့ ကိုယ် တွေလည်း ပြည့်ပြည့်စုံစုံနေရတယ် မဟုတ်ပြန်ပါဘူး။ ရုန်းရင်း ကန်ရင်း နည်းပါးတယ်ဆိုနိုင်တဲ့ လစာနဲ့ ရှင်သန်နေရတာပါ။
ဒါပေမယ့် လူထုဆီမရောက်ဘဲ ကုန်နေတဲ့နေရာတွေလည်း ရှိပါတယ်..။ အဲဒါတွေကတော့ Training တွေ၊ Workshop တွေ၊ ခု လုပ်သလိုမျိုး Meeting တွေပေါ့။ NGO တွေမှာ အလုပ်အများဆုံး၊ အချိန်အကြာဆုံး ကတော့ မီတင်တွေပဲ။ ကိုယ် တို့ အဖွဲ့အစည်းမှာဆိုရင် စိတ်ကိုပြုပြင်ပေးတဲ့ သင်တန်းတွေ၊ ဆွေးနွေးလေ့ လာချက်တွေ ဒါတွေပါ ခဏခဏ ပြုလုပ်ပါသေးတယ်..။ ၀န်ထမ်းရဲ့ Capacity ကို တိုးမြှင့်အောင်လုပ်တာ လားရယ်တော့ မသိဘူး။ ကိုယ် သိတာတော့ ဒါတွေ လုပ်တိုင်း ပိုက်ဆံတွေ ခဏခဏ ကုန်တာပဲ။ ကိုယ်က ဘဏ္ဍာရေးဌာနကဆိုတော့ ဘယ်ပရော့ဂျက်မှာ ဘတ်ဂျက်က ဘယ်လောက်ကုန်တာ အကုန် သိ သိ နေ တယ်။ တစ်ခါ ဒေသစိတ်ညှိနှိုင်းရေးမှုးတွေ ဖိတ်ခေါ်တဲ့အခါမျိုးမှာ ပိုကုန်တယ်။ ဟိုတယ်ခတွေ၊ ကားစင်း လုံးတွေ.....ဆိုရရင် ဒေသအတွက် သိန်းတစ်ရာဆို အထွေထွေကုန်ကျစားရိတ်က သိန်းနှစ်ဆယ်လောက်   တော့ထွက်လေ့ရှိတယ်။ ဒါ ဟာ ဖြစ်မြဲလို့ဆိုရင် ဒါမျိုးတွေ လျော့ကျစေဖို့ ကိုယ် အမြဲ အလိုရှိခဲ့တယ်..။ ၀န်ထမ်းများစွာ၊ အင်အားများစွာနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုတော့လည်း ဒါ တွေ လျော့ကျဖို့ အတော် ခဲယဉ်းပါတယ်။
ဒါဆိုရင် တနိုင်တပိုင်လှုပ်ရှားနေကြတဲ့ ပရဟိတ အဖွဲ့အစည်းတွေဘက်ပြန်ဆန်းစစ်ကြည့်ရင်ကော အထွေထွေစားရိတ်ဆိုတာ ရှိနေကြသေးလား..။ ကိုယ် ထင်ပါတယ်၊ အနည်းနဲ့အများတော့ ရှိကြမှာပါပဲ။ အင်းလေ..တကယ်တော့လည်း ဒါတွေလျောက်တွေးနေရင် ဘာအလုပ်မှ လုပ်ဖြစ်ကြတော့မှာ မဟုတ်ဘူး။
လောလောဆယ်တော့ တိုင်းရင်းသားအက ထဲ ပါတာ ကိုယ် ခေါင်းခဲစရာပဲ။ ရှမ်းရိုးရာတွေ၊ မြန်မာအက  တွေအတွက် ၀တ်စုံတွေ ရုံးက မပေးပြန်ဘူး။ ကိုယ် ပြောတယ်မလား။ ဘာမှ မထွက်ချင်တဲ့ ရုံးပါဆိုနေ။ အမြဲဝတ်လို့ရမှာ မဟုတ်တဲ့ ၀တ်စုံတွေ ချုပ်ရပေဦးမယ်။ အခြား သူသူငါငါလည်း ဒီလိုပဲဆိုတော့ ကိုယ် လည်း ငြင်းဆန်ခွင့်မရှိပြန်ဘူး။ ဒါနဲ့တင် တစ်လ တစ်လ က လုံးလည်လိုက်နေတော့တာပဲ။
 ကိုယ် စိတ်မလျော့ပါဘူး။ ဘာဖြစ်လဲ....တစ်နေ့တော့ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးတွေကင်းစင်တဲ့နေ့   ရောက်လာမှာပေါ့ ဟုတ်တယ်မလား။ စိတ်ဓာတ်ကျတွေဝေနေခြင်းတွေနဲ့ ဘ၀ကို မဖြတ်သန်းချင်လှဘူး။
ဒါပေမယ့် ကိုယ် ပျော်ချင်တယ် သိလား။ စိတ်လွတ်လက်လွတ် သိပ်ကို ပျော်ချင်ပါတယ်။ ပေါ့ပေါ့ပါးပါး သိပ် ကို ပြုံးရယ်နေချင်ပါတယ်။ တေးသီချင်းတွေလည်း အားပါးတရလွတ်လပ်စွာ သီဆိုအော်ဟစ်နေချင် လှပါတယ်။
တစ်နေ့တော့ ကိုယ့်အတွက် ရောက်လာနိုင်ကောင်းမှာပါ။
မိရွှေဘုတ်
10.9.2013
PM:6:19
1 comment:
  1. လူမှု့ အဖွဲ့အစည်းတွေကတော့ ဒီလိုပါဘဲဗျာ
    အခက်အခဲ အကြပ်အတည်းတွေနဲ့ပေါ့ ။
    အမြန်ရောက်လာနိုင်ပါစေဗျာ ။
    ReplyDelete