စက်တင်ဘာ ၂၇ နဲ့ ၂၈ မှာ Donar Meeting ရှိတယ်..။ Partner Meeting လို့လည်း ခေါ်ရဲ့...။ ဘယ်နှစ် နှစ်တစ်ခါ လုပ်တဲ့ မီတင်လဲတော့ မသိဘူး...။ ကိုယ့်အတွက်တော့ ဒါပထမဆုံးကြုံတွေ့ခြင်းပဲ...။ ဒီနေ့ အဲ့ ပွဲအတွက် ကြိုတင်စီစဉ်ဖို့ ရုံးမှာ အစည်းအဝေးလုပ်တယ်..။ ဘယ်အဖွဲ့က ဘာတာဝန်ယူပေါ့။ ကိုယ် က ထုံးစံအတိုင်း Display မှာတာဝန်ကျတယ်။ အခမ်းအနားပြင်ဆင်ရေးပေါ့။ ပြင်ဆင်ရတာတော့ မပင်ပန်းဘူး။ ဒါပေမယ့် Display အုပ်စုထဲ ခြေဆော့လက်ဆော့ရှိတဲ့သူ တစ်ယောက်ပါနေတာ ဆိုးတယ်။ ကိုယ့် ပစ္စည်း တွေ ကိုယ် ဂရုစိုက်ကြည့်နေရတော့မှာပဲ။ ဒါ့အပြင် ကိုယ့် အပေါ် ချောက်မချအောင်လည်း သတိထားနေ ရဦးမယ်။ အဲ့ တစ်ယောက်က အဲလောက်ထိ ဆိုးပါတယ်။ ဒါပေမယ့် လက်ပူးလက်ကြပ်ရယ်လို့ မဖမ်းမိသေး တဲ့အခါ သူ့ကို အလုပ်က ထုတ်ပယ်ဖို့ခဲယဉ်းနေသေးတယ်။ ၀န်ထမ်းတစ်ယောက်အပေါ် ငဲ့ညှာရမယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကလည်း ခံသာနေတာဖြစ်မယ်..။ ထားပါတော့....ဒါတွေ။
အခမ်းအနားမှာ တိုင်းရင်းသား အက တွေလည်း ထည့်သွင်းထားတော့ မရှိ ရှိတဲ့ ရုံးဝန်ထမ်းတွေပဲ အက တိုက်ကြရပါတယ်။ ယဉ်ကျေးမှုအဖွဲ့အစည်းကနေ တစ်ခါတည်းပုတ်ပြတ်ငှားလိုက်ပါတော့လား ဆိုတော့ လည်း သုံး လေး သိန်း ကုန်မှာမို့ ဘတ်ဂျက်ကို တွက်ချက်နေပြန်တယ်။ အဲသလို လူမှုအဖွဲ့အစည်းရယ်ပါ။ အများတကာ NGO, INGO တွေမှာ လစာတွေ ဖောဖောသောသော၊ ဘတ်ဂျတ်တွေ အပြည့်နဲ့..ကိုယ် တို့ အဖွဲ့အစည်းကတော့ စစ်ဖြစ်တဲ့နေရာတွေ၊ HIV တွေ၊ သဘာဝဘေးဒဏ်နေရာတွေ ကလွဲလို့ ဘယ်နေရာ ကိုမှ ပိုက်ဆံထွက်ချင်ပုံမရဘူး။ ၀န်ထမ်းတွေ လစာလည်း ပုံမှန်ပဲ။ နေ့စဉ် ထမင်း ဟင်းလည်း ငါးပိရည် တို့စရာပါလျက်ပဲ။ ဒါပေမယ့် ကိုယ် တို့တွေ ပျော်ပါတယ်။ ကွင်းဆင်းရပြီဆိုရင် ပိုပျော်တယ်။ တကယ့် လူနေမှုမှာ ဘယ်လောက်လိုအပ်နေလဲဆိုတာ မျက်ဝါးထင်ထင်မြင်ရပြီဆိုရင် ကိုယ် သိပ်စိတ်မကောင်း ဖြစ်တာပဲ။ ဒီလို ဖြစ်တယ်ဆိုလို့ ကိုယ် တွေလည်း ပြည့်ပြည့်စုံစုံနေရတယ် မဟုတ်ပြန်ပါဘူး။ ရုန်းရင်း ကန်ရင်း နည်းပါးတယ်ဆိုနိုင်တဲ့ လစာနဲ့ ရှင်သန်နေရတာပါ။